ဂျပန်နိုင်ငံရဲ့ လူစီးအများဆုံးဘူတာ

ဂျပန်နိုင်ငံရဲ့လူစီးအများဆုံးဘူတာ (သို့) Shinjuku Station

အားလုံးသိကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာရထားကိုအဓိကအသုံးပြုတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျောင်းသွားတာဖြစ်ဖြစ်၊ အလုပ်သွားတာဖြစ်ဖြစ် ရထားကိုအသုံးပြုကြပါတယ်။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံရဲ့ လူစီးများတဲ့ဘူတာအကြောင်းကိုရေးသားပေးသွားပါမယ်။

အဲဒီဘူတာကတော့ Shinjuku Station (ရှင်းဂျုခုဘူတာ) ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့တိုကျိုမှာရှိတဲ့ Shinjuku Station(ရှင်းဂျုခုဘူတာ)ဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်ကကောက်ယူခဲ့တဲ့ အရှေ့ဂျပန်ရထားလိုင်းဖြစ်တဲ့JR東日本ရဲ့ 2023ခုနှစ်ကကောက်ယူခဲ့တဲ့စစ်တမ်းအရ တစ်ရက်ကိုအသုံးပြုတဲ့လူပမာဏဟာ တစ်ရက်ကို ပျှမ်းမျှ၆သိန်းခန့်ရှိပါတယ်။ ဒီပမာဏဟာ ဂျပန်ရထားလိုင်းဖြစ်တဲ့JRကိုအသုံးပြုနေတဲ့ပမာဏတွေကြားမှာအများဆုံးအရေအတွက်ဖြစ်ပါတယ်။

JRလိုင်းတင်မဟုတ်ဘဲ တခြားလိုင်းတွေကိုပါ အသုံးပြုတဲ့Shinjuku Station (ရှင်းဂျုခုဘူတာ)ရဲ့ အသုံးပြုတဲ့သူအရေအတွက်ဟာတစ်ရက်ကိုပျှမ်းမျှ၂၇သိန်းခန့်ရှိတယ်ဆိုတဲ့အချက်အလက်တွေလည်းတွေ့ရပါတယ်။

(Ref : https://www.jreast.co.jp/passenger/)
(Ref : https://shingakunet.com/area/ranking_station-users/)

Shinjuku Station (ရှင်းဂျုခုဘူတာ) ကဘာကြောင့်လူစီးများရတာလဲ?

(၁) နေရာတကာကိုသွားနိုင်တဲ့ရထားလိုင်းများစွာရှိခြင်း

Shinjuku Station(ရှင်းဂျုခုဘူတာ) နေရာတကာကိုအလွယ်တကူသွားနိုင်တဲ့ရထားလိုင်းများစွာရှိပြီးသွားလိုတဲ့နေရာကို အလွယ်တကူနဲ့အဆင်ပြေပြေသွားနိုင်တဲ့အချက်က လူစီးများရတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ရုံးတွေများတဲ့Shinagawa Stationကိုသွားနိုင်တဲ့Yamanoteလိုင်း၊ Tokyo Stationကနေ Takaoတောင်ကိုသွားနိုင်တဲ့ Chuoလိုင်း၊ တိုကျိုကနေချိဘခရိုင်ကိုသွားနိုင်တဲ့ Sobuလိုင်း၊ တိုကျိုကနေစိုင်းတမခရိုင်ကိုသွားနိုင်တဲ့ Saikyoလိုင်းအစရှိတဲ့လိုင်းတွေအပြင် JRလိုင်းတွေထက်ဈေးသက်သာတဲ့Keioလိုင်းလည်းတည်ရှိနေပါတယ်။ တိုကျိုအနီးတဝိုက်သာမကတိုကျိုကနေအနည်းငယ်ကွာဝေးတဲ့ Naganoခရိုင်၊ Shizuokaခရိုင်တွေအထိပါသွားနိုင်တဲ့ အထူးရထားတွေကိုပါအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် တိုကျိုကနေ နာဂိုယာ၊ ကျိုတို၊ အိုဆာကာတို့ကိုသွားနိုင်တဲ့ ဘတ်စ်ကားဂိတ် (Bus Terminal Shinjuku)ကလည်း အနီးမှာရှိပါတယ်။

(၂) Brandဆိုင်၊ စားသောက်ဆိုင်တွေများစွာရှိတာကြောင့်လည်ပတ်လို့ကောင်းခြင်း

ဒုတိယတချက်ကတော့ ဈေးဝယ်ထွက်လို့ကောင်းတဲ့Brandဆိုင်တွေ၊ သူငယ်ချင်းတွေဆုံပြီးအတူတူစားသောက်နိုင်တဲ့စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေရှိတာကြောင့်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေဆုံစည်းလို့ကောင်းတာကလည်း လူအသုံးများတဲ့အချက်တချက်ဖြစ်ပါတယ်။

Shinjuku Station (ရှင်းဂျုခုဘူတာ)ဟာ လူအသုံးများတဲ့ဘူတာဖြစ်တာနဲ့အညီ လူအရမ်းရှုပ်ထွေးပါတယ်။ ဒါကြောင့်လူအရမ်းများတာကိုမကြိုက်တဲ့သူတွေအတွက်ကတော့ Shinjuku Station (ရှင်းဂျုခုဘူတာ) ကိုရှောင်းရှားတာပိုကောင်းပါမယ်။ ဒါ့အပြင် ဝင်ပေါက်၊ ထွက်ပေါက်တွေလည်းများတာကြောင့်မျက်စိလည်လမ်းမှားတဲ့သူတွေလည်းမနည်းပါဘူး။

ရှင်းဂျုခုဘူတာကိုအသုံးပြုဖူးတဲ့သူတွေကရော ဘူတာအကြောင်းကိုကောင်းကောင်းသိကြမှာပါ။