OKINAWAကို အလည်သွားခြင်း

Okinawaဆိုတာ ဂျပန်နိုင်ငံရဲ့ တောင်ဘက်ဆုံးပိုင်းမှာတည်ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ကြည်လင်သန့်ရှင်းနေတဲ့ ပင်လယ်ရေနဲ့အတူသာယာလှပတဲ့ ကမ်းခြေတွေရှိတာကြောင့် အပန်းဖြေခရီးအတွက် ဂျပန်လူမျိုးတွေသာမက နိုင်ငံခြားသားခရီးသွားတွေပါ လာရောက်လည်ပတ်မှုများပြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Okinawa(အိုကီနာဝါ)ကို သွားရောက်လည်ပတ်တာနဲ့ ပတ်သက်ပြီးရေးသားသွားပါမယ်။

OKINAWAကဘယ်နေရာမှာရှိတာလဲ။

ပုံမှာပြထားတဲ့အတိုင်း မီးခိုးရောင်အဝိုင်းလေးပြထားတဲ့အရာကတော့အိုကီနာဝါဖြစ်ပါတယ်။ မြေပုံထဲကအတိုင်းဂျပန်ပြည်မကြီးနဲ့အနည်းငယ်လှမ်းတာကိုတွေ့ရပါမယ်။

(၁) အိုကီနာဝါကို သွားရောက်သင့်သည့်အချိန်

ကျွန်းဖြစ်တာကြောင့် ဂျပန်ပြည်မကြီးနဲ့ယှဥ်ရင် အပူချိန်ပိုများပါတယ်။ နွေရာသီသာမက ပုံမှန်လတွေမှာပါ ဂျပန်ပြည်မကြီးထက်ပိုပြီးပူပါတယ်။ ဒါကြောင့်မလို့ နွေရာသီ ပင်လယ်ထဲမှာရေကစားလို့ အကောင်းဆုံးဖြစ်တာကြောင့် နွေရာသီဖြစ်တဲ့ ၄လပိုင်းကနေ ၈လပိုင်းလောက်အထိက အိုကီနာဝါကို သွားလည်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင်အေးတာကြောင့် ပင်လယ်ထဲမှာ ရေကစားတာကိုပိတ်ပင်ထားတာမလို့ ဆောင်းရာသီအိုကီနာဝါကိုသွားရင်လည်း ရေကစားလို့မရပါဘူး။

(၂) အိုကီနာဝါကိုဘယ်လိုသွားနိုင်လဲ

အိုကီနာဝါဟာ ဂျပန်ပြည်မကြီးနဲ့ သီးခြားရပ်တည်နေတဲ့ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မလို့ လေယာဥ် ဒါမှမဟုတ် သဘောနဲ့သွားမှာသာရောက်နိုင်ပါတယ်။ သဘောနဲ့သွားရင် တိုကျိုကနေဆိုရင် ၂ရက်ကနေ ၃ရက်လောက်အထိကြာနိုင်တာမလို့ လေယာဥ်နဲ့သွားတာက ပိုမြန်ပြီး ပိုပြီးလူသွားများကြပါတယ်။ လေယာဥ်နဲ့ဆိုရင်တော့ တိုကျိုကနေ ၂နာရီခွဲကနေ ၃နာရီလောက်သာကြာပါတယ်။ နာမည်ကြီးဂျပန်လေကြောင်းလိုင်းတွေဖြစ်တဲ့ ANA၊ JALတို့အပြင် တခြားစျေးသက်သာတဲ့Jet Star၊ Scoot၊ Peachလေကြာင်းလိုင်းတွေနဲ့လည်းသွားနိုင်ပါတယ်။ လေယာဥ်လက်မှတ်စျေးတွေနဲ့ လက်မှတ်တွေကိုတော့ လေကြောင်းလိုင်းတွေရဲ့ Official Websiteတွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ပိတ်ရက်ရှည်တွေဖြစ်တဲ့ Golden Weekတို့၊ နွေရာသီရက်ရှည်ပိတ်တဲ့အိုဘွန်းတို့ဆိုရင် လက်မှတ်ဈေးတွေတက်တာကြောင့် ကြိုတင်ဝယ်ယူထားတာက ပိုကောင်းပါတယ်။ လက်မှတ်ဈေးတွေကတော့ ဈေးသက်သာတဲ့အချိန်ဆို အသွားအပြန်ယန်း ၃သောင်းကနေ ၅သောင်းလောက်သာရှိပေမယ့် ဈေးတက်တဲ့အချိန်ဆို အသွားအပြန်ယန်းသောင်း၂၀လောက်အထိထိုးတက်လေ့ရှိပါတယ်။

(၃) အိုကီနာဝါရဲ့အစားအစာတွေက ဘာတွေလဲ

အိုကီနာဝါရဲ့ဒေသအစားအစာတွေထဲမှာ နာမည်ကြီးတဲ့အစားအစာတွေကတော့ အိုကီနာဝါခေါက်ဆွဲ(okinawa soba)၊ ပြီးတော့ ဝက်နံရိုးကြော်၊ ကြက်ဟင်းခါးသီးကြော်အစရှိတာတွေဖြစ်ပါတယ်။ ပင်လယ်နဲ့နီးတာမလို့ ပင်လယ်စာတွေကနာမည်ကြီးတာမဟုတ်ပါဘူး။ အသီးထဲမှာဆိုရင်တော့ နာနတ်သီး၊ ပိန်းဥစတာတွေက ဒေသအစားအစာတွေဖြစ်ပါတယ်။

(၄) အိုကီနာဝါရောက်ရင် ဘယ်နေရာတွေကို သွားလည်သင့်လဲ

ကြိုတင်စီစဥ်ထားတာမရှိရင် ရောက်ရောက်ချင်းဘယ်သွားလည်ရင်ကောင်းမလဲဆိုတာ အမြဲစဥ်းစားရခက်ပါတယ်။ အိုကီနာဝါဟာ တနေရာနဲ့တနေရာအနည်းငယ်အလှမ်းဝေးတာကြောင့် ယာဥ်မောင်းလိုင်စင်ရှိတာက ပိုပြီးအဆင်ပြေပါတယ်။ ယာဥ်မောင်းလိုင်စင်မရှိရင်လည်း ရထားတွေ၊ ဘတ်စ်ကားတွေကိုအသုံးပြုပြီးသွားလာနိုင်တာကြောင့် အရမ်းကြီးစိတ်ပူစရာတော့မရှိပါဘူး။ ဒါဆိုရင် အိုကီနာဝါရောက်ရင် သွားလည်လို့ကောင်းမယ့်နေရာတချို့ကိုဖော်ပြပေးပါမယ်။

American Village

အမေရိကန်နိုင်ငံကိုရောက်သွားသလို ခံစားနိုင်မည့်နေရာတစ်ခုဖြစ်ပါတယ်။ အမေရိကန်စတိုင်အဝတ်ဆိုင်တွေ၊ စားသောက်ဆိုင်တွေအပြင် တည်းခိုနိုင်တဲ့ဟိုတယ်တွေလည်းရှိပါတယ်။ ဒါ့အပြင် Sunset Beachလို့ခေါ်တဲ့ ရေကစားနိုင်တဲ့ကမ်းခြေလည်းရှိပြီး Sunset Beachဆိုတဲ့နာမည်နဲ့အညီ နေဝင်ချိန်ကအရမ်းလှတာကြောင့် နေဝင်ချိန်ကိုကြည့်ဖို့ ညနေစောင်းရင် Sunset Beachကိုလာကြတဲ့ ခရီးသွားဧည့်သည်တွေလည်းအရမ်းကိုများပြားကြပါလှပါတယ်။

Kokusai Dori

အိုကီနာဝါအမှတ်တရပစ္စည်းတွေ၊ တခြားlocal brandတွေကို ဝယ်ချင်တဲ့သူတွေအတွက် Shoppingထွက်ရတာကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒေသထွက်လက်ဆောင်ပစ္စည်းတွေအပြင် တခြားBrandဆိုင်တွေ၊ ဒေသအစားအစာတွေကိုစားသောက်နိုင်တဲ့ စားသောက်ဆိုင်တွေပါရှိပါတယ်။ Kokusai Doriဟာလည်း ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်လို့ ဂျပန်လူမျိုးတွေသာမက၊ နိုင်ငံခြားခရီးသွားတွေပါလာရောက်လည်ပတ်မှုများပြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Sunset Beach

American Villageမှာရှိတဲ့ ကမ်းခြေဖြစ်ပြီး နေဝင်တဲ့ အချိန်ကအရမ်းကိုလှပပါတယ်။ နေဝင်ချိန်ကိုကြည့်ချင်ကြလို့ ညနေစောင်းရင် Sunset Beachကိုလာကြတဲ့လူတွေလည်းအရမ်းများကြပါတယ်။ Adminလည်း အိုကီနာဝါကိုသွားလည်တုန်းက Sunset Beachနားကဟိုတယ်မှာ တည်းခဲ့ပါတယ်။

Okinawa Churaumi Aquarium

အိုကီနာဝါဒေသရဲ့နာမည်ကြီးငါးပြတိုက်ဖြစ်ပါတယ်။ လူဆယ်ကိုယ်စာရှိတဲ့ ဝေလငါးကြီးရှိတဲ့ငါးပြတိုက်ဖြစ်ပြီးတော့ အဲဒီဝေလငါးကြီးကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်တာကလည်း Trendတစ်ခုဖြစ်ပါတယ်။

(၅) အိုကီနာဝါမှာလုပ်နိုင်တဲ့အခြားအရာများ

ပင်လယ်နဲ့နီးပြီးကမ်းခြေပေါင်းများစွာရှိတဲ့အတွက် ရေနဲ့ဆိုင်တာတွေအတော်များများလုပ်နိုင်ပါတယ်။ တနေကုန်ကမ်းခြေမှာဆော့ကစားနိုင်တာတွေအပြင် ရေငုပ်ကိရိယာတွေဝတ်ပြီး ရေအောက်အလှတရားတွေကိုခံစားတာတွေ၊ ပင်လယ်ပြင်ပေါ်မှာလေထီးစီးပြီး အလှတရားတွေကိုခံစားတာတွေစတာတွေကိုလည်းလုပ်နိုင်ပါတယ်။ အခြားအတွေ့အကြုံများစွာကိုလည်းခံစားနိုင်တာမလို့ ဂျပန်မှာနေတဲ့သူတွေအနေနဲ့ အိုကီနာဝါဟာ သေချာပေါက်သွားလည်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။